မလွှဲမရှောင်သာတဲ့ တာဝန်တွေပြီးမြောက်ဖို့ကြိုးစားရင်း လူတစ်ယောက်နဲ့ သူမဆုံတွေ့ခဲ့တယ်။ သူက ရုပ်ရည်ချောမောပြေပြစ်သလို ကိုယ်ကျင့်တရားဖြောင့်မတ်တဲ့သူလည်းဖြစ်တယ်။ နောက်ပြီး သူမနဲ့ စတင်တွေ့ဆုံချိန်ကတည်းက သူမကိုကာကွယ်ပေးခဲ့သူပေါ့။ သိုင်းပညာမြင့်မားပြီး လူတွေက သူ့ကို ကျန်းသူရဲကောင်းလို့ခေါ်ကြတယ်။ ကျွန်မအတွက်တော့ သခင်လေးပေါ့ ...
စိတ်သဘောထားပြည့်ဝတဲ့ သူက အတူရှိချိန်တိုင်းမှာ သူမကို အမြဲကာကွယ်ပေးတတ်တယ်။ မှတ်မိပါသေးတယ် ဂူထဲမှာ သူမတို့နှစ်ယောက်လုံး ပိတ်မိနေခဲ့တဲ့အချိန်ကိုပေါ့။ သူမ သီချင်းဆိုပြနေတဲ့အချိန် ပြုံးပြုံးလေးနားထောင်နေခဲ့တယ်။ သီချင်းဆိုတာပြီးတော့ နားထောင်လို့ကောင်းတယ်တဲ့။ သူမဘဝရဲ့အပျော်ဆုံးအချိန်တွေထဲက တစ်ခုဖြစ်သလို နှလုံးသားထဲမှာ ချစ်ခြင်းတရားတွေ စတင်ပေါက်ဖွားလာခဲ့တယ်လေ။ ပြီးတော့ သူ့ကိုပြောခဲ့တယ်။
" သခင်လေးနားထောင်ချင်ရင် ကျွန်မနေ့တိုင်းသီချင်းဆိုပြပါမယ် "
ဘယ်သူသိနိုင်မလဲ ??? မီးရေခဲကျွန်းကိုသွားတော့ လိုက်ခဲ့ပါရစေလို့ သူ့လက်ကိုကိုင်ပြီးပြောတဲ့အခါ လိုက်ခွင့်ပြုတော့ သူမ အရမ်းပျော်နေခဲ့တယ်ဆိုတာ။ အန္တရာယ်ဘယ်လောက်များများ အနားမှာနေရမယ်ဆိုရင် သူ့အတွက် အသက်ပါပေးမယ့် " သူမ " ပါ။
ဒီလိုတွေ ပြောနေလို့ သူ့ကိုနှစ်သက်တာ ကျွန်မတစ်ယောက်ထဲလို့ ထင်မိရင်တော့ မှားသွားမှာပါ။ ဒီလိုထူးချွန်တဲ့ လူတစ်ယောက်ကို သဘောကျတဲ့သူတွေအများကြီးပဲ။
သူမလိုပဲ သူ့အတွက်ဆိုရင် အသက်ပါပေးမယ့် ကျောက်မိန်းကလေး။ ကလေးဘဝမှာ စတင်တွေ့ဆုံခဲ့သလို အန္တရာယ်တွေ အတူရင်ဆိုင်ခဲ့ကြတဲ့ ရင်းမိန်းကလေး။ နောက်ပြီး ကလေးဘဝမှာ စတင်တွေ့ဆုံခဲ့သလို သူ့ရဲ့အချစ်ဦးလည်းဖြစ်တဲ့ ကျိုးမိန်းကလေး။
သူမမှာ ဘယ်လိုပင်လျှို့ဝှက်ချက်မျိုးတွေ ရှိနေပါစေ ... သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကတော့ နှလုံးသားထဲကဖြစ်တည်လာတဲ့ အမှန်တရားပါ။ သူ့အနားမှာ ရှိနေခွင့်ရရင် ဒါဟာ သူမအတွက်ပျော်ရွှင်ခြင်းပါပဲ။
ဘာလို့လဲ ??? ဒီကျွန်းပေါ်ကနေ ရှင်သန်နိုင်ဖို့ဆိုရင် သူမရဲ့နှလုံးသားကို နင်းချေပစ်ဖို့ လိုတယ်တဲ့လား။ ကံကြမ္မာက သူမအတွက်ကျတော့ မတရားလိုက်တာ။ ကိုယ်ချစ်တဲ့သူနဲ့ ခွဲခွာရခြင်းကို ဘယ်သူကနှစ်သက်မှာတဲ့လဲ။
သူမကိုယ်တိုင် အနားမှာရှိနေပေးဖို့ နည်းလမ်းက ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခါ သူ့ကို ဂရုစိုက်ပြီးချစ်ပေးဖို့ ကျောက်မိန်းကလေးကို အကူအညီတောင်းခဲ့တယ်။ ဒါဟာ သူ့အတွက် သူမ လုပ်ပေးနိုင်မယ့် နောက်ဆုံးနဲ့ အကောင်းဆုံးအရာပါပဲ။
အချစ်ဆိုတာ သူမအတွက်တော့ ပေးဆပ်ခြင်းလို့ ဆိုကြပါစေ .. သူ့အတွက် နှလုံးသားထဲကဖြစ်တည်လာတဲ့ ချစ်ခြင်းတရားအတွက် အမြဲပျော်နေမိမှာပါ ...
" ဂိုဏ်းချုပ်ပဲဖြစ်ဖြစ် အပျိုစင်နတ်သမီးပဲဖြစ်ဖြစ် မလုပ်ချင်ပါဘူး ...ကျွန်မနှလုံးသားထဲမှာ သခင်လေးကိုပြုစုပေးရတဲ့ အစေခံကောင်မလေးပဲဖြစ်ချင်တယ် ...တစ်ဘဝလုံး သခင်လေးကို ပြုစုပေးချင်တာပါ ... "
ရှောင်ကျောင်း